Pages

12.10.55

မြန်မာ့ခြင်းလုံးအကြောင်းပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle"

မြန်မာ့ခြင်းလုံးအကြောင်းပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle" ဇာတ်ကားတိုအား အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ
တွင်ပြသမည်
မြန်မာရိုးရာအားကစားနည်းပညာတစ်ခုဖြစ်သည့် မြန်မာ့ခြင်းလုံးအားကစားအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle" ဇာတ်ကားတိုအား အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ပြသရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။

အဆိုပါဇာတ်ကားတိုအား ပထမဆုံးပြသမှုအဖြစ် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင်ပြုလုပ်မည့် မြန်မာ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသမည်ဖြစ်သည်။

"ဒီဇာတ်ကားရိုက်ဖြစ်တာက အမေရိကန်နိုင်ငံမှာနေတဲ့ မိတ်ဆွေတစ်ယောက်က မြန်မာတွေရဲ့ခြင်းလုံးအားကစားအကြောင်းကို ရိုက်ကူးပြချင်တယ်လို့ ပြောလာရာကနေစပြီး စိတ်ကူးဖြစ်သွားတာပါ။ ကိုယ်တိုင်ကလည်းခြင်းလုံးအားကစားအကြောင်းကို စိတ်ပါဝင်စားတယ်။ ခြင်းလုံးလေးတစ်လုံးမြေပေါ်မကျဖို့ကို ပါဝင်ကစားတဲ့လူလေးငါးယောက် က အပေးအယူမျှမျှ စည်းလုံးညီညွတ်စွာနဲ့ ၀ိုင်းဝန်းကစားရတဲ့နည်းပညာဖြစ်တဲ့အတွက် အခြားသောအားကစားနည်းများလိုမဟုတ်ဘဲ စိတ်ပါဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့်တော့ အနိုင်ရလိုစိတ်ကိုအခြေမခံဘဲ အားလုံးအပေးအယူမျှရမယ်ဆိုတဲ့စိတ်ကို အခြေခံတာဖြစ်တဲ့အတွက် ဒီအားကစားနည်းလေးက အင်မတန်ချစ်စရာကောင်းပါတယ်။ ခြင်းလုံး လုပ်ရတဲ့နည်းပညာကအစ နိုင်ငံတကာကသိအောင် ဖော်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီဇာတ်ကားကိုဖန်တီးဖြစ်တာပါ။ အဓိကတော့ခြင်းလုံးအားကစားနည်းအကြောင်းကိုပဲ အခြေခံရိုက်ကူးထားတာပါ။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့စီစဉ်ထားပါတယ်။ ပြည်တွင်းမှာလည်း ပြသနိုင်ဖို့ကိုစီစဉ်သွားမှာပါ" ဟု အဆိုပါဇာတ်ကားအားဖန်တီးသူ ဒါရိုက်တာကြည်စိုးထွန်းက ရှင်းပြခဲ့သည်။

"Chinlone Magic Circle" ဇာတ်ကားတိုကို ဇာတ်လမ်းဇာတ်ညွှန်းနှင့်ဒါရိုက်တာကြည်စိုးထွန်းရိုက်ကူးထားပြီး သရုပ်ဆောင်ဦးပလာတာ၊ ကောင်းခန့်၊ တိုးမြတ်နိုးဝေနှင့် အခြား သရုပ်ဆောင်များပါဝင်ထားကြသည်။

ယင်းဇာတ်ကားတိုသည် လေးဆယ့်ငါးမိနစ်စာရိုက်ကူးထားခြင်းဖြစ်ပြီး အင်္ဂလိပ်စာတန်းရေးထိုးထားသည်ဟုသိရသည်။ အဆိုပါ ဇာတ်ကားတိုကို အမေရိကန်နိုင်ငံလော့အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့်မြန်မာရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ ၇ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ ပြသမည်ဖြစ်သည်။
                                                                                                             မင်းမဟာ

ไม่มีความคิดเห็น:

แสดงความคิดเห็น