Pages

24.8.58

၂၀၁၆ တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ် ထုတ်ကုန် ဝယ်လိုအား လက်ရှိထက် နှစ်ဆကျော် မြင့်တက်လာဖွယ်ရှိဟုဆို

 







ရန်ကုန်၊ မန္တလေးနှင့် လူနေထူထပ်သည့် မြို့ကြီးများတွင် စမတ်ဖုန်း အသုံးပြုသူနှုန်း သိသိသာသာ  မြင့်တက်လာခြင်းကြောင့် လာမည့်နှစ်တွင် ပြည်တွင်း၌ မိုဘိုင်း ထုတ်ကုန်များ၏ ဝယ်လိုအား ယခုနှစ်ထက် နှစ်ဆကျော်မြင့် တက်လာဖွယ်ရှိနေကြောင်း  ရန်ကုန်နှင့် မန္တလေး အခြေစိုက် မိုဘိုင်းဖုန်း စီးပွားရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များက ခန့်မှန်းသုံးသပ်ကြသည်။

မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှု ပမာဏသည် ယခုနှစ်အတွင်း၌လည်း မြင့်တက်လျက်ရှိနေပြီး နယ်မြို့ကြီးများတွင်ပါ ဝယ်လိုအား လိုက်ပါ မြင့်တက်နေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
ပြည်တွင်းသို့ စမတ်ဖုန်းနှင့် Tablet များအပြင် မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းတင်သွင်းမှုသည် အခြား နည်းပညာထုတ်ကုန် ပစ္စည်းများထက် ပိုမိုဝင်ရောက်လာဖွယ်လည်း ရှိနေကြောင်း အထက်ပါ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တင်သွင်းမှုသည် လာမည့်နှစ်တွင် နှစ်ဆအထိ မြင့်တက်လာမည်ဟု Microsoft ကုမ္ပဏီ၏ တာဝန်ရှိသူ အချို့က ၂၀၁၄ နှစ်လယ်ပိုင်းက ပြည်တွင်း ၌ ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ တစ်ခုတွင် သုံးသပ် ပြောကြားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသများမှ နေ၍ မြန်မာနိုင်ငံအတွင်းသို့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုသည် ပုံမှန်ထက်  မြင့်တက်လာခဲ့ပြီး ယခုလက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဝယ်လိုအား အခြေအနေအရ ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လာမည့်ငါးနှစ်အတွင်း နိုင်ငံ၏ အင်တာနက်အသုံးပြုနိုင် သည့် ပမာဏကို ၉၀ ရာခိုင်နှုန်း အထိ ဖြစ်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့် ပြည်တွင်းသို့ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ထုတ်ကုန်များ ပိုမို တင်သွင်းလာကြမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 “မိုဘိုင်းဖုန်း ဝယ်လိုအားက အရင်နှစ်တွေကထက် တော်တော်တက်လာတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လာမယ့်နှစ်မှာ ဒီထက် ပိုပြီး တက်လာလိမ့်မယ်လို့ ခန့်မှန်း ထားကြတယ်။ ဝယ်လိုအား တက်လာတာနဲ့အမျှ ရောင်းလိုအားကလည်း ရှိနေတယ်။  လက်ရှိ အခြေအနေက လူတိုင်းဖုန်းကိုင် နိုင်ကြပြီဆိုတော့ ဒီဈေးကွက်က တဖြည်းဖြည်း ကြီးလာတဲ့ သဘောပါပဲ” Mobile Mother မိုဘိုင်းဖုန်းနှင့် ဝန်ဆောင်မှု ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုနိုင်သူ သန်း ၃၀ ကျော် ရှိလာပြီဖြစ်ပြီး  မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေ အတွက်မှာ သန်း ၂၀ ခန့်ရှိနေပြီ ဖြစ်သည်။


Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น